International News

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံငွေကြေးဖြင့် စတင်ကုန်သွယ်မှုပြု

Last Updated:

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ယခုလ ၁၁ ရက်နေ့မှစတင်၍ ဒေသတွင်းငွေကြေးနှင့် ကုန်သွယ်မှုအားကောင်းစေရန်နှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် ရည်ရွယ်၍ နှစ်နိုင်ငံငွေကြေးဖြင့် စတင်ကုန်သွယ်မှုပြုခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာပေးချေမှုများကို အိန္ဒိယရူပီးငွေဖြင့် စတင်ပေးချေခဲ့ကြောင်းကို “ကြီးမားသောခရီးတစ်ခု၏ ပထမဦးဆုံးခြေလှမ်းဖြစ်သည်” ဟု ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ဥက္ကဌ Abdur Rouf Talukder က ဖော်ထုတ်ပြောကြားခဲ့သည်။

ယခုနှစ်စက်တင်ဘာလတွင် စတင်မိတ်ဆက်ရန်အသင့်ဖြစ်နေသည့် တာကာ-ရူပီးနှစ်နိုင်ငံသုံးငွေကြေးဖြင့် အသုံးပြုနိုင်သောကတ်ကြောင့် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှုပြုရာတွင် အပေးအယူစရိတ်များကို လျှော့ချသွားနိုင်တော့မည်ဟု ၎င်းကပြောကြားခဲ့သည်။ နှစ်နိုင်ငံ တရားဝင်စီစဉ်ထားချက်အရ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုကို ရူပီးငွေဖြင့် စတင်အပေးအယူပြုသွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေကြေးကို တဖြည်းဖြည်းအသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘဏ်များအနေဖြင့် တစ်နိုင်ငံ၏ငွေကြေးကို အခြားနိုင်ငံတွင် လဲလှယ်မှုပြုနိုင်ရန် nostro စာရင်းများဖွင့်လှစ်သွားဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်းနှင့် နှစ်နိုင်ငံငွေလဲနှုန်းကို ဈေးကွက်ဝယ်လိုအားနှင့် လုပ်ငန်းစဉ်၌ ပါဝင်သောဘဏ်များအကြား ကိုက်ညီမှုရှိအောင် ပုံသေသတ်မှတ်သွားမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံသည် ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးများအသုံးပြု၍ အပေးအယူပြုရန် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် လက်ရှိတွင် ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်မှုတွင် ရူပီး-ကျပ်ဖြင့် ပေးချေမှုများပြုလုပ်ရန် အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆွေးနွေးဆောင်ရွက်လျက်ရှိသည့်အတွက် ယခုဘင်္ဂလားဒေ့ရှ်-အိန္ဒိယကုန်သွယ်မှုတွင် ရူပီးငွေကို စတင်အသုံးပြုခြင်းသည် အကောင်းဆုံးနမူနာတစ်ခုဖြစ်ပါသည်။ အဆိုပါအခြေအနေအား စောင့်ကြည့်သုံးသပ်၍ အားနည်းချက်၊ အားသာချက်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးသော ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒနှင့်အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဇစ်မြစ်။ The Times of India

https://timesofindia.indiatimes.com/india/india-bangladesh-launch-trade-transaction-in-rupees/articleshow/101680890.cms

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News